အာဆီယံ (သို့မဟုတ်) ဥပဒေဖြင့် နှုတ်ပိတ်ရာ ဒေသ

ကမ္ဘာ့ မီဒီယာ လွတ်လပ်ခွင့်နေ့ (၂၀၁၅) အတွက် ဒေသတွင်း အခြေအနေ ခြုံငုံသုံးသပ်ချက်

[Link to English Version: A region gagged by law]

၂၀၁၅ ခုနှစ်အတွင်း အာဆီယံ ဒေသတွင်းရှိ သတင်းထောက်များ၊ မီဒီယာလောကနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်သော စည်းမျဉ်းများသည် ဒေသ၏ အခြေအနေကို ရှင်းရှင်းလင်းလင်း မီးမောင်းထိုးပြနေသည်။ နိုင်ငံတချို့မှ လွဲ၍ ဒေသအတွင်းရှိ နိုင်ငံအများစုတွင် သတင်း မီဒီယာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ပြောရေးဆိုခွင့်တို့မှာ စောင့်ကြည့်ခံနေရဆဲ ဖြစ်သလို၊ နိုင်ငံတနိုင်ငံချင်းအလိုက် ထိန်းချုပ်မှုနှင့် အကြမ်းဖက်မှု အတိုင်းအဆတို့ ကွဲပြားသော်လည်း မီဒီယာကို ထိန်းချုပ်မှုမှာ မပြောင်းအလဲ ကျယ်ကျယ်ပြန့်ပြန့် ဆက်ရှိနေသည်။

ခြွင်းချက်ဟု ဆိုသော နိုင်ငံများ၏ အခြေအနေမှာလည်း အပေါင်းက္ခဏာ တိုးတက်မှုမျိုးကို မတွေ့ရသည့်အပြင် သုံးနိုင်ငံတွင် မီဒီယာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ပြောရေးဆိုခွင့်တို့၏ ဦးတည်ရာမှာ စိုးရိမ်ဖွယ်ရာ နောက်ကြောင်း ပြန်ခရီးဖြစ်သွားသည်။

ဒီနှစ်အတွင်း သတင်းကြီးတခုကတော့ ထိုင်းနိုင်ငံဖြစ်ပြီး မီဒီယာ လွတ်လပ်ခွင့်နှင့် ပြည်သူ့ပြောရေးဆိုခွင့် အရာမှာ တစုံတရာ လွတ်လပ်သော အခြေအနေမှ နောက်ကြောင်းပြန်ရုံမက အတင်းကြပ်ဆုံး နိုင်ငံအဖြစ်သို့ သက်ဆင်းသွားခဲ့သည်။ ထိုင်းစစ်အစိုးရသည် ၂၀၁၄ မေလ ၂၂ ရက်နေ့တွင် အာဏာသိမ်းပြီးနောက် မီဒီယာကို တင်းကြပ်ခဲ့သလို၊ အွန်လိုင်းပေါ်မှာ ဖြစ်ဖြစ်၊ လူသိရှင်ကြားဖြစ်ဖြစ် အစိုးရအပေါ် ဝေဖန်မှုများကိုလည်း ပိတ်ပင်ခဲ့သည်။ ၂၀၁၆ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေးစနစ်ကိုလည်း ပြင်ဆင်ခဲ့သည်။ “စိတ်ဓာတ်ပြုပြင်ရေး” ခေါင်းစဉ် ယဉ်ယဉ်ဖြင့် စစ်တပ်က လူရာ ဂဏန်းကို ဆင့်ခေါ်ပြီး မီဒီယာနှင့်ပြည်သူအများကို ကန့်သတ်ထားသော စည်းကမ်းဘောင် အတွင်းမှာ နေထိုင်ရန် သြ၀ါဒပေးခဲ့သည်။ လောလောဆယ်မှာ ပြည်သူတွေက အခြေအနေကို စောင့်ကြည့်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

မြန်မာပြည်၏ လွတ်လပ်ခါစ မီဒီယာ အခင်းအကျင်းမှာ မနှစ်က လမ်းကြောင်းအတိုင်း တရှိန်ထိုး ကျဆင်းသွားခဲ့သည်။ ၂၀၁၃ ခုနှစ်အတွင်း သတင်းသမားများကို ထောင်သွင်းအကျဉ်းချခဲ့သော အစိုးရသည် ယခုတခါ ပုံနှိပ်မီဒီယာနှင့် သတင်းလောကသားများ၏ ညီညွတ်သော လှုပ်ရှားမှုများကို လုံခြုံရေးနှင့် အသေရေဖျက်မှု ဥပဒေကို အသုံးချပြီး အရေးယူနေပြန်သည်။

မီဒီယာ ဥပဒေ

အရှေ့တောင် အာရှ နိုင်ငံ ၁၁ နိုင်ငံတွင် ပုံနှိပ်ခြင်းဆိုင်ရာ ဥပဒေ ဟု ခေါ်ခေါ်၊ သတင်းမီဒီယာလောက၊ သို့မဟုတ် သတင်းပညာရပ်၏ အခန်းကဏ္ဍအပေါ် ကြီးကြပ်သော ဥပဒေများ အသီးသီးရှိသည်။ ထိုသို့ ပြဌာန်းထားသော ဥပဒေများသည် ပုံနှိပ်မီဒီယာ၊ အသံလွှင့်မီဒီယာများ လုပ်ငန်းလည်ပတ်ခွင့်အတွက် ပြဌာန်းထားသော မီဒီယာ လိုင်စင်ဥပဒေမှ စ၍ ခြားနားသည်။ ဒေသတွင်းမှာ ပုံနှိပ်ခြင်း ဥပဒေ နောက်ဆုံး ပြဌာန်းသော နိုင်ငံတွေအဖြစ်  မြန်မာပြည်မှာ ၂၀၁၄ ခုနှစ်က အသစ်ပြဌာန်းလိုက်ပြီး၊ တီမောမှာ ယခုနှစ် ဇန်န၀ါရီလတွင် ပြဌာန်းခဲ့သည်။

ဒေသတွင်းရှိ တည်ဆဲ ပုံနှိပ်ဥပဒေများသည် မူဘောင်နှင့် စည်းမျဉ်းပိုင်းတွင် ကွဲပြားခြားနားသည်။ ဥပမာ အင်ဒိုနီးရှား၏ ၁၉၉၉ ပုံနှိပ်ခြင်း ဥပဒေတွင် စာနယ်ဇင်းလုပ်ငန်းကို အဓိပ္ပါယ် ဖွင့်ဆိုပြီး အကာအကွယ်ပေးထားသည်။ နိုင်ငံတော်၏ စွက်ဖက်မှုနှင့် အနှောင့်အယှက်ပေးမှုမှ ကင်းလွတ်သော မီဒီယာအဖြစ် အခိုင်အမာ ရပ်တည်နိုင်ခွင့်အပိုင်းတွင် ဒေသတခုလုံးအတွက် စံပြဖြစ်သည်။ တခြား တဖက်တွင်လည်း လာအို၏ ပုံနှိပ် ဥပဒေ၊ ဗီယက်နမ်၏ ပုံနှိပ်ဥပဒေတို့သည် မီဒီယာကို နိုင်ငံတော်၏ ၀ါဒဖြန့်ချိရေးလက်နက်တခုအနေဖြင့်လည်းကောင်း၊ အစိုးရ (သို့မဟုတ်) တတိုင်းပြည်လုံးတွင် တခုတည်းရှိသော အာဏာရပါတီကြီး ၏ တိုက်ရိုက် ထိန်းချုပ်မှုအောက်တွင်ပင် ရှိနေစေသည်။ မည်သို့ဆိုစေ ပုံနှိပ်ဥပဒေ အများစုသည် သတင်းသမားများအတွက် သတင်းစုဆောင်းခွင့်၊ ရေးသားထုတ်ဝေခွင့်တို့ အတွက် တနည်းနည်းဖြင့် ခွင့်ပြုထားသေးသည်ဟု ဆိုနိုင်ပါသည်။

သို့သော်လည်း ဒေသ၏ လားရာမှာ စည်းကမ်းနှင့် တင်းကြပ်မှု ဘက်ကို ဦးတည်နေသည်။ အသစ်ပြဌာန်းသော ဥပဒေများသည်လည်း လွတ်လပ်စွာ ပြောရေးဆိုခွင့်နှင့် သတင်းမီဒီယာ လောကကို တင်းကြပ်သော စည်းကမ်းများ ဖြစ်နေသည်။

တီမောတွင် အသစ်ပြဌာန်းလိုက်သော ဥပဒေသည် သက်တမ်းနုသေးသော မီဒီယာလောက ဖွံ့ဖြိုးရေးနှင့် အကာအကွယ် အတွက်ဟုဆိုသော်လည်း လက်တွေ့သတင်းလုပ်ငန်းကို စည်းကြပ်သော စည်းကမ်းများကို အထင်အရှား ထည့်သွင်းထားသည်။ မီဒီယာ လောကနှင့် လွတ်လပ်စွာ ပြောရေးဆိုခွင့်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အာမခံချက်အရ ဒီမတိုင်ခင်က ပို၍ပင် လွတ်လပ်မှုဘောင် ကျယ်ဝန်ခဲ့သေးသည်ဟု ဆိုရမည်။ လက်ရှိအခြေအနေမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဥပဒေ ပြဌာန်းချက်အပြင် ပုံနှိပ်ဥပဒေအရလည်း သတင်းလောကသားတို့၏ လုပ်ပိုင်ခွင့်ဘောင်ကို စည်းကမ်းကြပ်မတ်ထားလိုက်သည်။

မြန်မာပြည်၏ သတင်းမီဒီယာ ဥပဒေသစ်ကို မနှစ်က လွှတ်တော်က ပြဌာန်းခဲ့ပြီး စစ်အစိုးရ အဆက်ဆက် ကျင့်သုံးခဲ့သော ၁၉၆၂ ပုံနှိပ်ခြင်း နှင့် ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း ဥပဒေကို အစားထိုးခဲ့သည်။ ဥပဒေသစ်တွင် သတင်းလုပ်ငန်းဆိုင်ရာ အခွင့်အရေးကို ကာကွယ်ပေးထားခြင်းနှင့် ပုဂ္ဂလိကပိုင် လုပ်ငန်းကို ခွင့်ပြုပေးခြင်းမျိုးလည်း ပါဝင်သည်။ သို့သော်လည်း ပုံနှိပ်ခြင်း နှင့် ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း ဥပဒေ (PPEL) ကဲ့သို့ပင် အစိုးရ၏ ခွင့်ပြုချက် (လို်င်စင်) ထုတ်ပေးခြင်း ဆိုင်ရာ အခွင့် အာဏာနှင့် တားမြစ်ချက်များ ပါဝင်နေသည်။ ခွင့်ပြုချက်ကို မလိုရင် မလိုသလို ပယ်ချနိုင်သော ပြဌာန်းချက်များဖြစ်နေသည်။

လက်တွေ့တွင် မြန်မာပြည်၏ ပုံနှိပ်မီဒီယာ ဥပဒေမှာ မရေရာသည့် သဘောဖြစ်နေသည်။ ဥပဒေ မူကြမ်းကို ရေးဆွဲထားပြီးချိန်မှာ စာနယ်ဇင်းကောင်စီ (ယာယီ) နေရာမှာ အတည်တကျ စာနယ်ဇင်းကောင်စီဖြင့် အစားထိုးခြင်း၊ တရားဝင် ခန့်အပ်ခြင်းမျိုးကို မဆောင်ရွက်ရသေးပါ။ သတင်းကျင့်ဝတ်နှင့် သတင်း လုပ်ငန်းပိုင်းဆိုင်ရာ အားနည်းချက်များကို မီဒီယာ ဥပဒေဖြင့်မဟုတ်ဘဲ၊ လုံခြုံရေးဥပဒေ၊ အသရေဖျက်မှု ဥပဒေတို့ကဲ့သို့ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေကို အသုံးပြုပြီး သတင်းသမားများကို ထောင်ချနေသည်။ ဒါတင်မက ပုံနှိပ်ခြင်း နှင့် ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း ဥပဒေ (PPEL) ကို အသုံးချပြီး ချင်းပြည်နယ်တွင် ဒေသဂျာနယ်လေးစောင်ကို ပိတ်ပစ်ခဲ့သေးသည်။ ခွင့်ပြုချက်မတင်ဘဲ ထုတ်ဝေသည်ဟု အကြောင်းပြခဲ့သည်။

ကမ္ဘောဒီယားနှင့် မလေးရှားတို့တွင် ထုတ်ဝေခွင့်ကို နိုင်ငံရေး လက်နက်တခုပမာ အသုံးချနေသည်။ ကမ္ဘောဒီယားတွင် လွတ်လပ်သော အသံလွှင့် မီဒီယာ လုပ်ငန်း လျှောက်လွှာကို အတည်ပြုခြင်းနှင့် မလေးရှားတွင် ပုံနှိပ်ထုတ်ဝေခြင်း လိုင်စင်ကို ထုတ်ပေးသော လုပ်ငန်းစဉ်တွင် အာဏာရပါတီများကို ထောက်ခံသူများနှင့် အပေါင်းပါများအတွက်သာ ဖြစ်နေသည်။

မီဒီယာ ဥပဒေ၏ အပြင်ဘက်

၂၀၁၅ ခုနှစ်အတွင်း ပေါ်ထွက်လာသော ဆက်စပ်ပြဿနာ တရပ်မှာ ပုံနှိပ်ဥပဒေများမှာ အသုံးမ၀င်သကဲ့သို့ တခြား ဥပဒေများနှင့် နည်းလမ်းများသည်လည်း မီဒီယာ လောကသားများ ကိုယ့်အလုပ်ကိုယ်မလုပ်နိုင်အောင် အသုံးပြုဖို့ ဖြစ်နေသည်။

မြန်မာ အစိုးရသည် ပွင့်လင်းခါစ စမ်းတ၀ါးဝါး သတင်းလောကကို လုံခြုံရေး (စုဝေးခြင်း၊ အရေးပေါ်ဥပဒေ၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ) နှင့် အသေရေဖျက်မှု ဥပဒေတို့ကို အသုံးချပြီး ပုံနှိပ်ထုတ်ဝေခြင်းကို ကြိုးကိုင်နေသည်။ ယူနတီ ဂျာနယ်နှင့် ဘိုင်မွန်းတည့်နေ ဂျာနယ်တို့မှ အယ်ဒီတာများကို သတင်းပါ အကြောင်းအရာအတွက် ကြီးလေးသော ထောင်ဒဏ်များချမှတ်ခဲ့သည်။ နောက်ထပ် သတင်းသမားနှစ်ဦးလည်း ရာဇ၀တ်မှုဆိုင်ရာ အသရေဖျက်မှုစွပ်စွဲချက်နှင့် ခြိမ်းခြောက်ခံနေရသည်။ ဒါအပြင် မီဒီယာလောကများသည် လုပ်ဖော်ကိုင်ဖက်များအတွက်၊ မိမိတို့၏ အသက်မွေးလုပ်ငန်းကို ကာကွယ်ဖို့အတွက် ဆန္ဒပြခွင့်လည်း မရှိသည့် သဘောဖြစ်နေသည်။ အစိုးရက မီဒီယာအပေါ် ဆောင်ရွက်ချက်တွေကို ကန့်ကွက်ဆန္ဒပြသော သတင်းသမားများကို ခွင့်ပြုချက်မဲ့ စုဝေးသော ပုဒ်ဖြင့် စွဲချက်တင်မည်ဟု အာဏာပိုင်များက ခြိမ်းခြောက်နေသည်။

အင်ဒိုနီးရှား၏ ပုံနှိပ်ဥပဒေသည်လည်း မတည်ငြိမ်သော အနောက်ပါပူဝါ ပြည်နယ်လို ဒေသမျိုးမှာ မီဒီယာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ဖိနှိပ်ထားသော ကိစ္စရပ်မျိုးနှင့် ကြုံသောအခါမှာ ထိရောက်မှု မရှိပေ။ ထိုဒေသမှာ လက်တွေ့အရ စစ်အုပ်ချုပ်ရေးအောက်တွင်ပဲ ရှိနေသည်။ မြို့တော် ဂျာကာတာတွင်လည်း ဂျာကာတာပို့စ် (Jakarta Post) သတင်းစာသည် အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ စစ်သွေးကြွအဖွဲ့ (IS) ကို ဝေဖန်သော ကာတွန်းကြောင့် ဘာသာရေးကို ညိုးနွမ်းစေမှုနှင့်တရားစွဲခံထားရသည်။

သတင်းမီဒီယာကို ဟန့်တားလိုသဖြင့် အကြမ်းဖက်သော လုပ်ရပ်များ ပေါ်ပေါက်သည့် အခါတွင်လည်း ဥပဒေအရ အရေးယူခြင်း မရှိသဖြင့် ဖိလစ်ပိုင်တွင် ၂၀၁၄ ကမ္ဘာ့ မီဒီယာ လွတ်လပ်ခွင့်နေ့ နောက်ပိုင်း အသတ်ခံရသော သတင်းသမား ၅ ဦး ရှိခဲ့သည်။ ကမ္ဘောဒီးယား ကျေးလက်တွင် သတင်းထောက် နှစ်ဦး အသတ်ခံလိုက်ရသလို၊ နိုင်ငံမြို့တော်မှာ လူစုလူဝေးသတင်းကို သွားယူစဉ်မှာ သတင်းသမား ၈ ဦး တိုက်ခိုက်ခံလိုက်ရသည်။ မြန်မာပြည်တွင်လည်း တိုင်းရင်းသားသူပုန်တပ်ဖွဲ့နှင့် အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်နေစဉ်မှာ သတင်းသွားယူခဲ့သော သတင်းသမားတယောက် အသတ်ခံလိုက်ရသည်။ မျက်မှောက်ကာလအတွင်း မြန်မာပြည်မှာ ဒ်ီလို အဖြစ်မျိုးမှာ ပထမဆုံး ဖြစ်သည်။ ကိုပါကြီးခေါ် အောင်ကျော်နိုင်ကို စစ်တပ်က တလကြာ ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး အောက်တိုဘာလ အစောပိုင်းကျမှ သေဆုံးသည့်အကြောင်း သိခဲ့ကြရသည်။ စစ်တပ်အချုပ်မှ ထွက်ပြေးဖို့ ကြိုးစားစဉ်မှာ သေနတ်နှင့် ပစ်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် သတင်းသမားများအပေါ် အကြမ်းဖက်သော လုပ်ရပ်အတွက် ဥပဒေနှင့် အညီ အရေးယူမခံရဘဲ အပြစ်မှ လွတ်မြောက်ခြင်းသည် သတင်းလောကကို တားဆီးသည့် ထိရောက်သော လက်နက်တခု သဖွယ် ဖြစ်နေသည်။

မီဒီယာအပေါ် ထိန်းချုပ်ခြင်းမှ အပ

လာအို၊ မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ်တို့ကဲသို့ အစိုးရက ပင်မ မီဒီယာကို ထိန်းချုပ်ထားသော နိုင်ငံများတွင် အခြားမျက်နှာစာတွင် အရေးကြီးသော ကိစ္စရပ်များ ပေါ်ပေါက်နေသည်။ ပင်မ မီဒီယာလောကမှာ နေရာမရှိသောအခါ နိုင်ငံရေး အမြင်နှင့် ပြည်သူ့တို့၏ အကျယ်တ၀ံ့ရေးသားချက်များသည် အွန်လိုင်းပေါ်သို့ ရောက်လာသည်။ အစိုးရတွေကလည်း ပွင့်နေသော ဟာကွက်မရှိအောင် ပိုက်စိတ်တိုက်ပြီး ထိန်းချုပ်ရန် နည်းလမ်းရှာဖွေနေသည်။

ဗီယက်နမ်အစိုးရသည် ကမ္ဘာ့က စိုးရိမ်နေသော နိုင်ငံရေး ဘလော့ဂါ (bloggers) များ နှိပ်ကွပ်ခံရသည့် ကိစ္စအပြင် လူမှုကွန်ယက် မီဒီယာများကိုလည်း အလွတ်မပေးပါ။ ဘလော့ဂါများကို ခြိမ်းခြောက်သည့် ပုံစံမှာ ကိုယ်ထိလက်ရောက်နည်းအပြင် လုံခြုံရေးဆိုင်ရာ ချိုးဖောက်မှု၊ စွပ်စွဲချက်ဖြင့် ထောင်ချခြင်း၊ လုံခြုံရေး အာဏာပိုင်များနှင့် အပေါင်းအပါများက အနှောင့်အယှက် ပေးခြင်းမျိုးလည်း ပါဝင်သည်။

သတင်းလွတ်လပ်ခွင့်မရှိသော မလေးရှားမှာ လွတ်လပ်စွာ ပြောရေး ဆိုခွင့် အရာတွင်လည်း နောက်ကြောင်းပြန်သွားသော ဒေသတွင်း တတိမြောက် နိုင်ငံဖြစ်သည်။ ၂၀၁၆ ခုနှစ် သြဂုတ်လကတည်းက အစိုးရသည် နိုင်ငံတော် အကြည်ညိုပျက်စေမှု စွပ်စွဲချက်ကို လက်နက်သဖွယ် အသုံးချပြီး နိုင်ငံရေး အတိုက်အခံတွေ၊ ဝေဖန်သော ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ မီဒီယာတွေကို ပစ်မှတ်ထားနေသည်။ ၂၀၁၅ ခုနှစ်အတွင်း ပိုမို ပြင်းထန်လာပြီး လူ ၁၅၀ လောက် အကြည်ညိုပျက်စေမှု စွပ်စွဲချက်နှင့် ရင်ဆိုင်နေရသည်။

ဒီနှစ်အတွင်း မီဒီယာ လွတ်လပ်ခွင့်၊ ပြောရေးဆိုခွင့် အပိုင်းတွင် ပြဿနာပေါင်းစုံ ၀ိုင်းရံနေသော်လည်း ဒေသတွင်းက မီဒီယာ အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများသည် မိမိတို့၏ အခွင့်အရေးအတွက် ကျားကုတ်ကျားခဲ ကြိုးစားနေကြသည်။ မြန်မာ၊ ကမ္ဘောဒီးယား၊ မလေးရှားတို့မှ တက်ကြွလှုပ်ရှားသူများနှင့် ဂျာနယ်လစ်များသည် အစိုးရ၏ ခြိမ်းခြောက်မှုကို ခေါင်းငုံ့မခံဘဲ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်နေကြသည်။ ထိုင်းနိုင်ငံတွင်လည်း အစိုးရက ဝေဖန်မှုကို မနှစ်မြို့သော်လည်း ထိုင်း မီဒီယာ အဖွဲ့အစည်းများသည် နှုတ်ပိတ်မနေဘဲ လုပ်စရာရှိသည့် သတင်းအလုပ်ကို ဆက်လုပ်မြဲ၊ လူထုအမြင်ကို ပုံဖော်နေကြမြဲဖြစ်သည်။

လာအို၊ စင်ကာပူနှင့် ဗီယက်နမ်တို့မှ ဘလော့ဂါများ၊ အွန်လိုင်သုံးစွဲသူများသည်လည်း ကွန်ပြူတာ ရှေ့မှာထိုင်ပြီး အစိုးရကို ဝေဖန်ထောက်ပြနေသည်မှာ မကြုံဖူးသည့် အတိုင်းအဆနှင့် ဖြစ်သည်။ ပိတ်ပင်ထားသော ဘလော့များကို ဖတ်ရူ့ခွင့်ရဖို့ အဆင့်ဆင့်ဝင်ဖို့ ကြိုးစားနေကြသော အသံတိတ် စာဖတ်သူများကြောင့်လည်း အပြောင်းအလဲသည် မျှော်လင့်အပ်သော အရာဖြစ်လာသည်။ အပြောင်းအလဲသည် နှေးကွေးနေနိုင်သော်လည်း တနေ့ ရောက်လာမည်မှာ ဧကန်ဖြစ်ပါသည်။

ဆက်သွယ်ရန်

For more information, please contact:

Kulachada Chaipipat, Campaigns and Advocacy Manager: kcchacha@gmail.com, +66 (0) 8137 34202

Edgardo Legaspi, Alerts and Communication Officer: epl@seapa.org or @shackneyed on Twitter, +66 (0) 8111 65137